Friday, September 6, 2013

တခါတခါ
တယောက်လိုအပ်ချက်တွေ တဦးဖြည့်ဆည်း
ရှု့မငြီးပဲ အပြုံးတွေယှက်လို့
အတုန့်အလှည့် ရဲ့ နောက်ကွယ်မှာ
အကြင်နာတွေ ပိုခဲ့ကြဖူးတယ်...။

သူ့မျက်နှာ ရွှင်မပြ
ဒေါသတွေ ဖောင်းပွတတ်တဲ့ခါ
အေးချမ်းစွာ ဖျောင်းဖျ
အနှောက် စကားတွေနဲ့
မှောက်မှားမသွားအောင်လို့
ပကတိမေတ္တာကို လှစ်ခါပြ
မာန်မာနတွေ နှိမ့်ချခဲ့ဖူးတယ်...။

တခါတခါ
စကားတွေ ပြင်းထန်
အမြင်မမှန်တဲ့ အခါမျိုးမှာ
ကဗျာဆန်ဆန်စကားတွေနဲ့
အပြန်အလှန် ဖြေသိမ့်
အတ္တတွေ ချိုးနှိမ်ပြီး
မေတ္တာတွေ ယိုစိမ့်ခဲ့ကြဖူးတယ်...။

သူ့မျက်နှာကို မမြင်ခါနေ့မျိုးမှာ
အကြင်နာတွေ တိုးလို့သာ
ရေတွက်ကာ လက်ချိုးပြီး
ခံစားချက်တွေ မျိုသိပ်
လွမ်းစိတ်ကို ဖြေသိပ်ခဲ့ဖူးတယ်...။

ဒီလိုနဲ့
တဦးနဲ့တဦး
တယောက်ကိုတယောက် လက်ချင်းယှက်လို့
ပျော်ရွှင်စွာ လျှောက်လှမ်းရင်း
ဘ၀ရဲ့ ခရီးလမ်းမှာ
အေးအတူ ပူအမျှ ခံစား
ဘ၀ရဲ့လောကဓံ တရားဆိုတာလည်း
တို့နှစ်ဦးရဲ့ သစ္စာတွေနဲ့
ယုံကြည်စွာ ကျော်လွှားခဲ့ဖူးတယ်...။

No comments:

Post a Comment